Saturday, February 11, 2017

ဒါနေၾကာင့္ ပါရမီမ်ား ျပည့္လြယ္ပါတယ္။ (ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပါတယ်။)

[Zawgyi]
ဒါနေၾကာင့္ ပါရမီမ်ား ျပည့္လြယ္ပါတယ္။
ဒါနရွိသူသည္ ျဖစ္ေလရာဘ၀၌ ဥစၥာျပည့္စံုၾက၏။ ဥစၥာျပည့္စံုလွ်င္ (ပင္ကို စိတ္ရင္းေကာင္းသူ၊ ၀ိ၀ဋၬ နိသတဒါန ျပဳခဲ့သူအတြက္) သီလလံုၿခံဳ၏။ ဥပုသ္ရက္ရွည္ ေစာင့္ခြင့္ရ၏။
ဥစၥာမရွိလွ်င္ ၀မ္းေရးပူပင္ရသျဖင့္ အူမ မေတာင့္၍ သီလမေစာင့္ႏိုင္ရံုသာမက ငါးပါးသီလ လံုဖို႔ရန္ ခဲယမ္း၏။ ဒါနရွိမွ သီလလြယ္ကူသည္။ ပညာရွာေဖြရာ၌လည္း ဒါနရွင္တို႔သာလွ်င္ လြယ္ကူစြာ ရွာႏိုင္၏။
ဒါနရွင္တို႔သည္ သူတကာက ေစာ္ကားလွ်င္ အဖတ္ မထင္၍ျဖစ္ေစ၊ စိတ္သေဘာထားႀကီး၍ျဖစ္ေစ သည္းခံလြယ္၏။ ပစၥည္းဥစၥာ မရွိက “ ငါ့ကို ပစၥည္းမရွိလို႔ ေစာ္ကားတာပဲ ” ဟု အထင္ရွိ၍ သည္းမခံလိုၾကပါ။ ဒါနရွင္တို႔သည္ ေနရာတိုင္းတြင္ သူတစ္ပါးတို႔၏ ေလးစားျခင္းကို ခံရသျဖင့္ မိမိအား အရိုအေသေပးသူတို႔အေပၚမွာ ေမတၱာဂရုဏာ ျဖစ္လြယ္၏။ ဥစၥာမရွိလွ်င္ ထိုသို႔ ရိုေသသူလည္း နည္းပါးၾကသျဖင့္ ကိုယ့္ကို ဂရုမစိုက္သူကို ျပန္၍ အမ်က္ထြက္ကာ ေမတၱာဂရုဏာ ျဖစ္ရမည့္အစား ေဒါသ မာနေတြသာ တိုးပြားတတ္ေလသည္။ ဤနည္းအားျဖင့္ ဒါနေၾကာင့္ ခႏၱီ ေမတၱာ ပါရမီမ်ားလည္း ျဖစ္လြယ္၏။
“ဥစၥာမရွိ ကတိမတည္”ႏိုင္ေသာ ေလာကႀကီး၀ယ္ ဥစၥာပါရမီျဖစ္ဖို႔ အေရးမွာလည္း ဒါနသည္ အကူအညီေပး၏။ ဤသို႔ စသည္ျဖင့္ ဒါနမပါလွ်င္ ပါရမီအားလံုး ျပည့္ဖို႔အေရး၌ အေႏွာင့္အယွက္ ေပးတတ္ရကား ဘုရားေလာင္း ဟူသမွ်တို႔ ဒါနကိုသာ ပထမဆံုး ျမင္ေတာ္မူၾကေပသည္။ ငါတို႔ ဘုရားရွင္မွာ စ တည္ေတာ္မူစဥ္ကလည္း သုေမဓာဘ၀၌ ဒါနကို စ တည္ခဲ့၍ ေ၀သ ႏၱရာဘ၀၌ ကမၸတ္ဖံုးလ်က္ ပါရမီအားလံုးကို နိဂံုးခ်ဳပ္ေတာ္ မူခဲ့ေပသည္။ ။
(အမရပူရၿမိဳ႕၊ ေက်းဇူးေတာ္ရွင္ မဟာဂႏၶာရံုဆရာေတာ္ အရွင္ဇနကာဘိ၀ံသ၏ ကိုယ္က်င့္အဘိဓမၼာမွ ေကာက္ႏုတ္ေရးသားပါသည္။)
From (ဓမၼနဒီ)

[Unicode]
ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပါတယ်။
ဒါနရှိသူသည် ဖြစ်လေရာဘဝ၌ ဥစ္စာပြည့်စုံကြ၏။ ဥစ္စာပြည့်စုံလျှင် (ပင်ကို စိတ်ရင်းကောင်းသူ၊ ၀ိ၀ဋ္ဋ နိသတဒါန ပြုခဲ့သူအတွက်) သီလလုံခြုံ၏။ ဥပုသ်ရက်ရှည် စောင့်ခွင့်ရ၏။
ဥစ္စာမရှိလျှင် ၀မ်းရေးပူပင်ရသဖြင့် အူမ မတောင့်၍ သီလမစောင့်နိုင်ရုံသာမက ငါးပါးသီလ လုံဖို့ရန် ခဲယမ်း၏။ ဒါနရှိမှ သီလလွယ်ကူသည်။ ပညာရှာဖွေရာ၌လည်း ဒါနရှင်တို့သာလျှင် လွယ်ကူစွာ ရှာနိုင်၏။
ဒါနရှင်တို့သည် သူတကာက စော်ကားလျှင် အဖတ် မထင်၍ဖြစ်စေ၊ စိတ်သဘောထားကြီး၍ဖြစ်စေ သည်းခံလွယ်၏။ ပစ္စည်းဥစ္စာ မရှိက “ ငါ့ကို ပစ္စည်းမရှိလို့ စော်ကားတာပဲ ” ဟု အထင်ရှိ၍ သည်းမခံလိုကြပါ။ ဒါနရှင်တို့သည် နေရာတိုင်းတွင် သူတစ်ပါးတို့၏ လေးစားခြင်းကို ခံရသဖြင့် မိမိအား အရိုအသေပေးသူတို့အပေါ်မှာ မေတ္တာဂရုဏာ ဖြစ်လွယ်၏။ ဥစ္စာမရှိလျှင် ထိုသို့ ရိုသေသူလည်း နည်းပါးကြသဖြင့် ကိုယ့်ကို ဂရုမစိုက်သူကို ပြန်၍ အမျက်ထွက်ကာ မေတ္တာဂရုဏာ ဖြစ်ရမည့်အစား ဒေါသ မာနတွေသာ တိုးပွားတတ်လေသည်။ ဤနည်းအားဖြင့် ဒါနကြောင့် ခန္တီ မေတ္တာ ပါရမီများလည်း ဖြစ်လွယ်၏။
“ဥစ္စာမရှိ ကတိမတည်”နိုင်သော လောကကြီးဝယ် ဥစ္စာပါရမီဖြစ်ဖို့ အရေးမှာလည်း ဒါနသည် အကူအညီပေး၏။ ဤသို့ စသည်ဖြင့် ဒါနမပါလျှင် ပါရမီအားလုံး ပြည့်ဖို့အရေး၌ အနှောင့်အယှက် ပေးတတ်ရကား ဘုရားလောင်း ဟူသမျှတို့ ဒါနကိုသာ ပထမဆုံး မြင်တော်မူကြပေသည်။ ငါတို့ ဘုရားရှင်မှာ စ တည်တော်မူစဉ်ကလည်း သုမေဓာဘဝ၌ ဒါနကို စ တည်ခဲ့၍ ဝေသ န္တရာဘဝ၌ ကမ္ပတ်ဖုံးလျက် ပါရမီအားလုံးကို နိဂုံးချုပ်တော် မူခဲ့ပေသည်။ ။
(အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိ၀ံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နုတ်ရေးသားပါသည်။)
From (ဓမ္မနဒီ)

No comments:

Post a Comment