[Zawgyi]
၁။ သမ္မာဝါစာ

၂။ သမ္မာကမ္မန္တ

၃။ သမ္မာအာဇီဝ


-ဆက်ပါဦးမည်
အရှင်ပညာသီဟ

[Unicode]
ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ် (၂)

အလယ်အလတ်လမ်းစဉ်တွင် အချက်ရှစ်ချက်သာ ပါဝင်သော်လည်း ထိုရှစ်ချက်၏ အနက်အဓိပ္ပာယ်ကို အသေးစိတ် လေ့လာကြည့်က မည်မျှကျယ်ဝန်းကြောင်းကို ဖော်ပြပါအတိုင်း တွေ့နိုင်သည်။
၁။ သမ္မာဝါစာ
သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ -
(၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။
(၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။
(၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။
(၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။

၂။ သမ္မာကမ္မန္တ
သမ္မာကမ္မန္တ (ကောင်းမွန် မှန်ကန်သော ပြုလုပ်မှု) ဆိုသည်မှာ -
(၁) သူတပါးအသက်ကို မသတ်ဘဲ သတ္တဝါများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်း။
(၂) သူတပါးပိုင် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည်တို့ကို မပြုလုပ်ဘဲ သူတပါး၏ စည်းစိမ်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပေးခြင်း။
(၃) လင်ရှိမယား၊ မယားရှိလင်၊ အိမ်ထောင်ရှင်များနှင့် လိင်ဆက်ဆံမှု မပြု။ သူတပါး၏ သားပျို သမီးပျိုများကို အတည်တကျ လက်ထပ်ပေါင်းသင်းလိုစိတ် မရှိဘဲ အပျော်သက်သက်ဖြင့် လိင်ဆက်ဆံမှု မပြုဘဲ မိမိ၏ ဇနီးမယား လင်ယောက်ျားနှင့် သစ္စာရှိရှိ ပေါင်းသင်းနေထိုင်ခြင်းတို့ ဖြစ်သည်။

၃။ သမ္မာအာဇီဝ
သမ္မာအာဇီဝ (ကောင်းမွန် မှန်ကန်သည့် အသက်မွေးမှု) ဆိုသည်မှာ -
အဆိပ်၊ လက်နက်၊ သေအရက်၊ မူးယစ်ဆေးဝါး၊ ငါး တိရစ္ဆာန်အသားတို့ကို ရောင်းဝယ်ဖောက်ကားခြင်း၊ လူကို ရောင်းကုန်အဖြစ် သတ်မှတ်၍ စီးပွားရှာခြင်းတို့ မလုပ်ဘဲ သူတပါးတို့ကို မထိခိုက်စေမည့် စီးပွားရေးဖြင့် အသက်မွေးခြင်း ဖြစ်သည်။

အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးပါးသည် အကျင့်သီလနှင့် ပတ်သက်သည့် လမ်းစဉ်များ ဖြစ်သည်။
ထိုလမ်းစဉ်သုံးပါးကို လေ့လာကြည့်လျှင် သူ့အသက် မသတ်ရ၊ သူ့ဥစ္စာ မခိုးရ၊ သူတပါး သားမယားနှင့် လိင်ဖောက်ပြန်မှု မပြုရ၊ လိမ်ညာ မပြောရ၊ သေအရက် ရောင်းဝယ်ဖောက်ကား သောက်စားမှု မပြုရ ဆိုသည့် ငါးပါးသီလတွင် ပါသည့် အချက်များကိုလည်း တွေ့ရမည် ဖြစ်သည်။
ထိုအကျင့်သီလနှင့်ဆိုင်သည့် ကျင့်ဝတ်များကို လူတိုင်း အတိအကျ လိုက်နာကျင့်သုံးလျှင်ပင် လူတိုင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ လောကကို သာယာ ချမ်းမြေ့မှုဖြင့် အလှဆင်နိုင်ပါလိမ့်မည်။

-ဆက်ပါဦးမည်
အရှင်ပညာသီဟ
(၁၉၉၆ခုနှစ် အောက်တိုဘာ-နိုဝင်ဘာထုတ်၊ လောကချမ်းသာစာစောင်၊ အတွဲ-၆ အမှတ်-၄ မှ)

Original Posted by ဒေါ်စိုး
No comments:
Post a Comment