Monday, September 26, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၂၂) (အဘိဓမ္မာ သိမှတ်ဖွယ် (၂၂))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၂၂)

--ကုသုိလ္၊ အကုသုိလ္၊ ၾကိယာ--
ရာဂ၊ ေဒါသ၊ ေမာဟစြမ္းေၾကာင့္ ျဖစ္ရေသာေဇာစိတ္သည္ အကုသုိလ္စိတ္ (မေကာင္းေသာစိတ္) မည္၏။ သဒၶါ ပညာစသည္တုိ႔ေၾကာင့္ျဖစ္ရေသာ ေဇာစိတ္သည္ ကုသုိလ္စိတ္မည္၏။
ထုိစိတ္သည္ပင္ ရဟႏၱာမ်ား၏သႏၱာန္၌ ျဖစ္လွ်င္ အ၀ိဇၨာ တဏွာတည္းဟူေသာ ၀ဋ္ျမစ္ကုန္ခန္းသျဖင့္ အက်ိဳးမေပးႏုိင္ေတာ့သည့္အတြက္ ၾကိယာစိတ္မည္၏။
ဤ ကုသုိလ္၊ ၀ိပါက္၊ ၾကိယာ (၂၄) ပါးတုိ႔သည္ ကာမစိတ္တြင္ပါ၀င္ေသာေၾကာင့္ ကာမလည္းမည္၏။
ေသာဘနစိတ္တြင္ပါ၀င္ေသာေၾကာင့္ ေသာဘနလည္းမည္၏။
ထုိ အမည္ ႏွစ္ရပ္ကုိေပါင္းစပ္၍ ကာမေသာဘနစိတ္ဟု ေခၚသည္။
--မဟာတပ္၍ မဟာကုသိုလ္ စသည္ျဖင့္ ဆိုရပံု--
မဟဂၢဳတ္၊ ေလာကုတၱရာစိတ္ တို႔ႏွင့္ ကုသိုလ္ခ်င္းယွဥ္ျပိဳင္လၽွင္ ဤကာမကုသိုလ္က အေရအတြက္မ်ား၏။
၀ိပါတ္၊ ၾကိယာခ်င္း ျပိဳင္လၽွင္ ဤကာမစိတ္ကမ်ား၏။ ထို႔ေၾကာင့္ အမ်ား အနက္ေဟာ မဟာသဒၵါတပ္၍ ေခၚရသည္။ တနည္း- မဟာကုသိုလ္စိတ္သည္ ရူပ၊ အရူပ၊ ေလာကုတၱရာ ကုသိုလ္တို႔ကဲ့သို႔ မိမိဆိုင္ရာ အက်ိဳးတစ္ခုကိုသာေပးသည္မဟုတ္၊ ကာမသုဂတိ (၇)ဘံု၌ ကာမပဋိသေႏၶအက်ိဳး (၉)ပါးကို ထိုက္သင့္သလိုေပးႏိုင္သည့္ အျပင္ ပ၀တၱိအခါ ပေဒသရာဇ္၊ ဧကရာဇ္၊ စၾကာမင္းတိုင္ေအာင္ စည္းစိမ္ၾကီးေတြ ကိုလည္း ေပးႏိုင္ေသာေၾကာင့္ အက်ိဳးေပးရာနယ္ပယ္ က်ယ္သည့္အတြက္ မဟာတပ္၍ ေခၚရသည္။
အကုသိုလ္စိတ္ (၁၂)ပါး၊ အဟိတ္စိတ္ (၁၈)ပါး ႏွင့္ ကာမ၀စရေသာဘနစိတ္ (၂၄)ပါး ကို ေပါင္းပါက စိတ္ေပါင္း (၅၄)ပါး ျဖစ္၏။ ၎စိတ္မ်ားသည္ အပါယ္ (၄)ဘံု လူဘံုႏွင့္ နတ္ျပည္ (၆)ထပ္ ေပါင္း ကာမ (၁၁)ဘံု၌ ျဖစ္ၾကသည္။ ထို႔ေၾကာင့္ ၎စိတ္မ်ားကို ကာမစိတ္ (၅၄)ပါး ဟု ေခၚသည္။ ထိုကာမစိတ္ (၅၄)ပါး တို႔တြင္ ကာမာ၀စရစိတ္ (၂၄)ပါးကို ကိေလသာ အျပစ္ ကင္းရွင္းစင္ၾကယ္ေသာေၾကာင့္ ေသာဘန ဟုေခၚရသကဲ့သို႔ ထိုေသာဘနဟူေသာ အမည္ကို ေျပာင္းျပန္ယူ၍ အကုသိုလ္စိတ္ (၁၂)ပါး၊ အဟိတ္စိတ္ (၁၈)ပါး ေပါင္း (၃၀)ပါး တို႔ကို အေသာဘန စိတ္မ်ားဟု ေခၚရေပသည္။

-ဆက္လက္ေဖၚျပပါမည္...

-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၂)

--ကုသိုလ်၊ အကုသိုလ်၊ ကြိယာ--
ရာဂ၊ ဒေါသ၊ မောဟစွမ်းကြောင့် ဖြစ်ရသောဇောစိတ်သည် အကုသိုလ်စိတ် (မကောင်းသောစိတ်) မည်၏။ သဒ္ဓါ ပညာစသည်တို့ကြောင့်ဖြစ်ရသော ဇောစိတ်သည် ကုသိုလ်စိတ်မည်၏။
ထိုစိတ်သည်ပင် ရဟန္တာများ၏သန္တာန်၌ ဖြစ်လျှင် အဝိဇ္ဇာ တဏှာတည်းဟူသော ဝဋ်မြစ်ကုန်ခန်းသဖြင့် အကျိုးမပေးနိုင်တော့သည့်အတွက် ကြိယာစိတ်မည်၏။
ဤ ကုသိုလ်၊ ဝိပါက်၊ ကြိယာ (၂၄) ပါးတို့သည် ကာမစိတ်တွင်ပါဝင်သောကြောင့် ကာမလည်းမည်၏။
သောဘနစိတ်တွင်ပါဝင်သောကြောင့် သောဘနလည်းမည်၏။
ထို အမည် နှစ်ရပ်ကိုပေါင်းစပ်၍ ကာမသောဘနစိတ်ဟု ခေါ်သည်။
--မဟာတပ်၍ မဟာကုသိုလ် စသည်ဖြင့် ဆိုရပုံ--
မဟဂ္ဂုတ်၊ လောကုတ္တရာစိတ် တို့နှင့် ကုသိုလ်ချင်းယှဉ်ပြိုင်လျှင် ဤကာမကုသိုလ်က အရေအတွက်များ၏။
ဝိပါတ်၊ ကြိယာချင်း ပြိုင်လျှင် ဤကာမစိတ်ကများ၏။ ထို့ကြောင့် အများ အနက်ဟော မဟာသဒ္ဒါတပ်၍ ခေါ်ရသည်။ တနည်း- မဟာကုသိုလ်စိတ်သည် ရူပ၊ အရူပ၊ လောကုတ္တရာ ကုသိုလ်တို့ကဲ့သို့ မိမိဆိုင်ရာ အကျိုးတစ်ခုကိုသာပေးသည်မဟုတ်၊ ကာမသုဂတိ (၇)ဘုံ၌ ကာမပဋိသန္ဓေအကျိုး (၉)ပါးကို ထိုက်သင့်သလိုပေးနိုင်သည့် အပြင် ပဝတ္တိအခါ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတိုင်အောင် စည်းစိမ်ကြီးတွေ ကိုလည်း ပေးနိုင်သောကြောင့် အကျိုးပေးရာနယ်ပယ် ကျယ်သည့်အတွက် မဟာတပ်၍ ခေါ်ရသည်။
အကုသိုလ်စိတ် (၁၂)ပါး၊ အဟိတ်စိတ် (၁၈)ပါး နှင့် ကာမဝစရသောဘနစိတ် (၂၄)ပါး ကို ပေါင်းပါက စိတ်ပေါင်း (၅၄)ပါး ဖြစ်၏။ ၎င်းစိတ်များသည် အပါယ် (၄)ဘုံ လူဘုံနှင့် နတ်ပြည် (၆)ထပ် ပေါင်း ကာမ (၁၁)ဘုံ၌ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းစိတ်များကို ကာမစိတ် (၅၄)ပါး ဟု ခေါ်သည်။ ထိုကာမစိတ် (၅၄)ပါး တို့တွင် ကာမာဝစရစိတ် (၂၄)ပါးကို ကိလေသာ အပြစ် ကင်းရှင်းစင်ကြယ်သောကြောင့် သောဘန ဟုခေါ်ရသကဲ့သို့ ထိုသောဘနဟူသော အမည်ကို ပြောင်းပြန်ယူ၍ အကုသိုလ်စိတ် (၁၂)ပါး၊ အဟိတ်စိတ် (၁၈)ပါး ပေါင်း (၃၀)ပါး တို့ကို အသောဘန စိတ်များဟု ခေါ်ရပေသည်။

-ဆက်လက်ဖေါ်ပြပါမည်...

-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment